Yllix

ကလစ်တစ်ချက်နှိပ်ပေးခြင့်ဖြင့်ကူညီပါ။

ဗုဒ္ဓခြေရာတော်နှင့် ရပ်တော်မူ နှစ်ဆူ ရောင်းချခဲ့သည့် ကျောင်းထိုင်ဆရာတော်ကို အမှုဖွင့်"

"ဗုဒ္ဓခြေရာတော်နှင့် ရပ်တော်မူ နှစ်ဆူ ရောင်းချခဲ့သည့် ကျောင်းထိုင်ဆရာတော်ကို အမှုဖွင့်"

မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်ရပ်ကွက်၊ ထပ်ကေးရပ်၊ တိုက်ကျောင်းရှိ ရန်မျိုးအောင်ဝတ်တော်ကြီးအတွင်း ပူဇော်ထားသည့် ဗုဒ္ဓခြေရာတော်နှင့် မတ်ရပ်တော်မူရုပ်ပွားတော်ကို ရောင်းချခဲ့သည့် ကျောင်းထိုင်ဆရာတော်ကို ဇွန်လ ၁၁ ရက်က ထပ်ကေးရပ်မှ ရပ်မိရပ်ဖတို့က စက်မှုဇုန်နယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်တန်းထားကြောင်း သိရသည်။

ဒေသခံပြည်သူတို့က ကျောင်းတိုက်အတွင်းရှိ ပူဇော်ထားသည့် ဗုဒ္ဓခြေရာတော်နှင့် မတ်ရပ်တော်မူရုပ်ပွားတော် ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ တိုက်ကျောင်း ကျောင်းထိုင်ဆရာတော် ဦးတေဇနိယကို မေးမြန်းလျှောက်ထားခဲ့ရာ ကျိုက်မရောမြို့နယ်၊ ဘာဘူကုန်း (၃) ရပ်ကွက်မှ ဦးဟာမိ (ခ) နှုတ်ခမ်းမွှေးထံတွင် ရပ်တော်မူတစ်ဆူလျှင် ငွေ ငါးသိန်းကျပ်ဖြင့် ရောင်းချခဲ့သည်ဟု ပြောပြသိရှိခဲ့ရကြောင်း မော်လမြိုင်မြို့နယ်ရဲတပ်ဖွဲ့မှုခင်းမှတ်တမ်းအရ သိရသည်။

ကျန်ရှိသည့် ဗုဒ္ဓခြေရာတော်တစ်ဆူကို မုဒုံမြို့နယ်တွင် နေထိုင်သည့် ဒေါက်တာ ညီညီထံသို့ ရောင်းချခဲ့ပြီး ၎င်းမှ ထပ်ကေးကျောင်းကြီးအား သွပ်မိုးပေးမည်၊ ဝတ်တော်ကြီးအတွင်း ကြွေပြားများခင်းပေးမည်၊ ဓမ္မာရုံအသစ်အား လိုအပ်သည်များကို လှူဒါန်းပေးမည့်အပြင် ငွေ သိန်းကျပ် ၅၀ ကျပ်ပေးမည်ဟု သဘောတူထားရှိကာ စရန်ငွေအဖြစ် ငွေ ၁၀ သိန်းကျပ်ကို ကြိုတင်ပေးချေခဲ့ကြောင်း ကျောင်းထိုင်ဆရာတော် ဦးတေဇနိယက ပြန်လည်ပြောပြခဲ့ကြောင်း မော်လမြိုင်မြို့နယ်ရဲတပ်ဖွဲ့မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

သက်တော် ၆၅ နှစ်၊ ဝါတော် ၄၅ ဝါရှိ ကျောင်းထိုင်ဆရာတော် ဦးတေဇနိယက အလွဲသုံးစားပြုလုပ်မှုဖြင့် အရေးယူပေးရန် ထပ်ကေးရပ်မှ ရပ်မိရပ်ဖ ၂၀ ဦးတို့က တိုင်ကြားခဲ့ခြင်းဖြစ်သည်။

“ဘုန်းကြီးကို လူဝတ်လဲဖို့ကိစ္စကတော့ သက်ဆိုင်ရာမြို့နယ်သံဃာ့နယကအဖွဲ့ကို အကြောင်းကြားထားပြီးပြီး၊ ဒီနေ့ဆုံးဖြတ်ချက်ချပေးမယ်လို့ ပြောပါတယ်”ဟု မော်လမြိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိရဲအရာရှိတစ်ဦးက ပြောသည်။

ဗုဒ္ဓရုပ်ပွားတော်များကို ရောင်းစားခဲ့သည့် ကျောင်းထိုင်ဆရာတော် ဦးတေဇနိယ (လူအမည်- ဦးဘိုလေး) ကို စက်မှုဇုန်နယ်မြေရဲစခန်းမှ (ပ) ၁၆/ ၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၄၀၆/ ၂၉၅/ ၂၉၅ (က) အရ အမှုဖွင့်အရေးယူ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မော်လမြိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိရဲအရာရှိတစ်ဦးက ဆိုသည်။

Written by – ခေတ်မင်း
Hinthar Media Coporation

No comments:

Powered by Blogger.